ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ နယုန်လပြည့်နေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ငဖဲ ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် နယုန်လပြည့်နေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ မြန်မာ့တစ်ဆယ့်နှစ်လရာသီဆိုင်ရာ သိကောင်းစရာအကြောင်းအရာများကို ပြည့်ပြည့်စုံစုံ သိရှိနိုင်ရန် ရည်ရွယ်၍ နယုန်လပြည့်နေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး နယုန်လသည် မြန်မာလများတွင် တတိယမြောက်လဖြစ်ကြောင်း၊ ရဟန်းသံဃာတော်များ စာတော်ပြန်လဖြစ်၍ စာမေးပွဲဖြေဆိုသော ရာသီတစ်ခုဖြစ်ကြောင်း၊ အဆိုပါစာဖြေပွဲကို ဒုတိယအင်းဝခေတ် သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်မှ အစပြုခဲ့ကြောင်း၊ မြန်မာ့ဓလေ့အစဉ်အလာအရ နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာအရ မဟာသမယအခါတော်နေ့ဖြစ်ကြောင်း၊ ဤရက်မြတ်နေ့တွင် ဗုဒ္ဓရှင်တော်သည် ကပိလဝတ်နှင့် ကောလိယတို့၏ ရောဟဏီမြစ်ရေကို အကြောင်းပြု၍ နှစ်ဖက်စစ်ရင်ဆိုင်နေခြင်းကို စစ်ပြေငြိမ်းအောင် ဟောပြောဆုံးမသွန်သင်နိုင်ခဲ့ခြင်းကြောင့် မြန်မာတို့က ငြိမ်းချမ်းရေးနေ့တစ်ခုအဖြစ် ရှုမြင်ခဲ့ကြကြောင်း၊ စာထောက်-၃ ဦးစိုးမိုးသူက နယုန်လတွင် ပွင့်သောပန်းများနှင့် ပွဲတော်များအကြောင်းကို အသိပညာပေး ဆွေးနွေးပြောကြားသည်။

ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် လစဉ်ပုံမှန်ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)