ပဲခူးမြို့နယ်တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

ပဲခူး ဇွန် ၂

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးမြှင့်တင်ရေး ဆွေးနွေးပွဲကို ဇွန် ၁ ရက်နေ့နံနက်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်က အဖွင့်အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲဆက်လက်ကျင်းပရာ ဒုတိယရဲမှူးကြီးမြင့်စိုးက "ငွေကြေးခဝါချမှုတိုက်ဖျက်ရေး"အကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ဦးသူရိန်အောင်က" ကြိုတင်ကာကွယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ"အကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်က "Offisite/ Onsite Supervision" အကြောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းခဲ့ကြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁၄)ဦး၊ ခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္ထုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) (၆)ဦး၊ မြို့နယ်အိမ်ခြံမြေအကျိုးဆောင်များနှင့်အဖိုးတန်သတ္ထုရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ် အုပ်ချုပ်ရေးမှူး) (၂၅)ဦး၊ ခရိုင်/မြို့နယ်အိမ်ခြံမြေအကျိုးဆောင် (၂၅)ဦး၊ ခရိုင်မြို့နယ်အဖိုးတန်သတ္ထု(ရွှေ) ရောင်းဝယ်သူ (၂၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုတွတ်(ပြန်/ ဆက်)