ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေး   

ကန့်ဘလူ ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ပြည်သူများဝယ်ယူနိုင်ရေး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ဇွန် ၂ ရက်နံနက် ၇ နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချ​ပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆန်တစ်ပြည်၊ ဆီ ၁၀ ကျပ်သားနှင့်ကြက်ဥ နှစ်လုံး စသည့် ပစ္စည်းသုံးမျိုးတို့ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ပြင်ပပေါက်စျေးနှုန်းထက် လျော့ချကာ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ လာရောက်ပြသသူ ဝေဒနာရှင်များအား သွေးပေါင်ချိန်ပေးခြင်း၊ သွေးချိုဆီးချို စစ်ပေးခြင်းနှင့် ရောဂါ ဝေဒနာအလိုက် စမ်းသပ်စစ်ဆေးကုသပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)