မုံရွာမြို့နယ်၊ အလုံ အ.ထ.က (၂)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များ တွဲဘက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်း စတင်ဖွင့်လှစ်သင်ကြား

မုံရွာ ဇွန် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့်  ခေတ်မှီဖွင့်ဖြိုး တိုးတက်သော စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ ပြန့်ပွားစေပြီး နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူ ပြုနိုင်စေရန်၊ အဆင့်မြင့်ပညာ ဆက်လက်မသင်ကြားနိုင်သော ကျောင်းသား/သူများအတွက် အသက်မွေးဝမ်းကျောင်းပညာအဖြင့် လမ်းသွယ်များ ဖွင့်လှစ်သင်ကြားပေးရန်၊ အစိုးရနှင့် ပုဂ္ဂလိကစိုက်ပျိုး မွေးမြူရေးဆိုင်ရာ လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုးမွေးမြူရေး ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင် ပေးရန် ရည်ရွယ်၍ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အလုံ အ.ထ.က(၂) တပ်ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade-9) အောင်မြင်ပြီး သော ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စိုက်ပျိုးမွေးမြူရေးပညာရပ်များ တွဲဘက်သင်ကြားမည့် အခြေခံပညာ အထက်တန်းကျောင်းအား (၁.၆.၂၀၂၃)နေ့တွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်းသိရသည်။

အဆိုပါ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းအား စိုက်ပျိုးရေး ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး မွေးမြူရေးကျောင်းသား၊ ကျောင်းသူ (၃၀) ဦး၊ ပေါင်း (၆၀) ဦး သင်ကြားခွင့်ပြုရန်  သတ်မှတ်လျာထား သည့်အနက် ယနေ့ထိ စိုက်ပျိုးရေး ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးနှင့် မွေးမြူရေး ကျောင်းသား၊ ကျောင်းသူ (၃) ဦး၊ စုစုပေါင်း (၁၈) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး   စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး ဦးဆောင်သော တာဝန်ရှိသူ များက ယမန်နေ့ နံနက်ပိုင်းတွင် အလုံ အ.ထ.က (၂) စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းစတင်တက်ရောက်သည့် စာသင်ခန်းမဆောင်သို့    ရောက်ရှိပြီး တက်ရောက်နေသည့် ကျောင်းသူ/ကျောင်းသားများနှင့် သင်ကြားမည့် ဆရာ/ဆရာမများအား အားပေးစကားပြောကြား ခြင်း၊ ကျောင်းသူ/ကျောင်းသားများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းပြောကြား ခြင်းနှင့် လုံခြုံရေး၊ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူများက မွေးမြူရေးသင်ယူမည့် ကျောင်းသား/ ကျောင်းသူများ နှင့် သင်ကြားမည့် စိုက်ပျိုးရေး၊ မွေးမြူရေးဆရာ/ဆရာမများထံသို့  စိုက်ပျိုးရေးနှင့်မွေးမြူရေး အတတ်ပညာ ပြဌာန်းစာအုပ်များ ကို အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် စာတွေ့အပြင် လက်တွေ့ဘာသာရပ်များ သင်ကြားရန်အတွက် လိုအပ်သော သင်ထောက် ကူပစ္စည်းများ ပြသထားမှုအခြေအနေများအား စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ကြည့်ရှုအားပေးပြီး သင်ကြားမည့် ဆရာ/ဆရာမများက ကျောင်းသူ/ကျောင်းသားများအား စာတွေ့အပြင် လက်တွေ့ဘာသာရပ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေး အထက်တန်းကျောင်းဝန်းအတွင်း School Garden ဆောင်ရွက်ရန်အတွက် မြေယာပြုပြင်မှု အခြေအနေများအား ခရိုင်ရေအရင်းအမြစ်ဦးစီးဌာနက Solar စနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်ထားရှိ မှုအခြေအနေများ၊ စာသင်ကျောင်းစိမ်းလန်းစိုပြေရေးအတွက် ပန်းပင်ပျိုးပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများအား တိုင်းဒေသကြီးဦးစီးမှူးက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ပထမစာသင်နှစ်တွင် သင်ကြားပို့ချမည့် ဘာသာရပ်များဖြစ်သည့် ပညာရေးဝန်ကြီးဌာနမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်များအား ပညာရေးဝန်ကြီးဌာနရှိ ဆရာ/ဆရာမ (၆)ဦးမှ သင်ကြားပို့ချမည်ဖြစ်ပြီး စိုက်ပျိုးရေးဘာသာရပ်များအနေဖြင့် လယ်ယာသီးနှံ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်၊ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးရေးနှင့် မြေဆီလွှာ သိပ္ပံဘာသာရပ်၊ စိုက်ပျိုးရေးရုက္ခဗေဒနှင့် လယ်ယာသုံးစက်ကိရိယာ ဘာသာရပ်၊ သီးနှံကာကွယ်ရေးအတွက် အပင် ရောဂါဗေဒနှင့် ကိမိလဗေဒဘာသာရပ်၊ လူမှုရေးသိပ္ပံဘာသာရပ်များအား စိုက်ပျိုးရေးဦးစီးဌာနရှိ ဆရာ/ဆရာမ (၅) ဦးမှ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေး ဘာသာရပ်များ ကိုလည်း ပညာရေးဝန်ကြီးဌာနမှ ဆရာဆရာမများနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဆရာ/ဆရာမ (၂) ဦး တို့ဖြင့် ပူးပေါင်း၍ ပညာသင်ကြားသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေး ဘာသာရပ်အနေဖြင့် သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ကာကွယ်ရေးဘာသာရပ်၊ ရေသတ္တဝါ မွေးမြူရေးနှင့် ပျားမွေးမြူရေး ဘာသာရပ်၊ ဝက်မွေးမြူထုတ်လုပ် ရေးဘာသာရပ်၊ ကြက်မွေးမြူ ထုတ်လုပ်ရေး၊ စားမြှုပ်ပြန်သတ္တဝါ မွေးမြူထုတ်လုပ်ရေး ဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)