ဟိုင်းကြီးကျွန်းမြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနေမှုအားမြို့အုပ်ချုပ် ရေးမှူးဦးကောင်းစံနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ဟိုင်းကြီးကျွန်း ဇွန်   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယနေ့နံနက်(၉) နာရီအချိန်မှစ၍ အခြေခံ ပညာကျောင်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားပေးနေမှုအား မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆရာ၊ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား Mask စနစ်တကျတပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်များကို စာသင်ဆောင်အလိုက် ထားရှိပေးထားပြီး တတ်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများအား စနစ်တကျသုံးစွဲစေခဲ့ကြောင်း သိရသည်။ 

ထို့ပြင်ကျောင်းသူ/ကျောင်းသားများ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်စေရေး အတွက်မြို့ အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် တာဝန်ရှိသူများ၊ရပ်ကွက်/ ကျေးရွာအထောက် အကူပြု အဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်လျက်ရှိပြီး ကျောင်းသူ/ ကျောင်းသားများမှလည်း ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး မေလ(၂၃)ရက်နေ့မှ ဇွန်လ(၃၁) ရက်နေ့ထိ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အ.ထ.က ကျောင်း(၁၁) ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၁၅)ကျောင်း၊ အ.လ.က ကျောင်း(၁၂)ကျောင်း၊ အ.လ.က(ခွဲ) ကျောင်း(၁၂)ကျောင်း၊ အ.မ.ကမူလွန်ကျောင်း (၇)ကျောင်း၊ အ.မ.ကကျောင်း (၃၉)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းခွဲ(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်မူလတန်းကျောင်း (၂) ကျောင်းတို့တွင်  ယခင်စာသင်နှစ်က ကျောင်းအပ်နှံခြင်းမရှိသူများ၊ ကျောင်းတက် ရောက်ခြင်း မရှိသူများပါ လာရောက်ကျောင်းအပ်နှံ တက်ရောက်ကြပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၉၉% ကျောင်းအပ်နှံတက်ရောက်ကြကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)