ပဲခူး ဇွန် ၂
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်အေးချမ်းစွာပညာသင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီး ပညာရေးမှူး ဦးစိုးလွင်က ကျောင်းအပ်လက်ခံမှု၊ ကျောင်းတက်ရောက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာသင်ကျောင်းအလိုက် စာသင်ခုံနှင့် စာသင်ခန်းများ ပြန်လည်ပြုပြင်ရန်၊ ခေတ်မီကလေးကစားကွင်း ဖြည့်ဆည်းပေးရန်၊ ကျောင်းအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်၊ ကျောင်းတွင်းဘက်စုံသုံးခန်းမများ ပြန်လည်ပြုပြင်ပေးရန်၊ ကျောင်းရှေ့ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေး လူကူးမျဉ်းကြားများ သိသာထင်ရှားစွာရှိစေရေး ပြင်ဆင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာစာသင်ကျောင်း စုစုပေါင်း(၄၇၃၀)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး အပ်နှံရမည့်ဦးရေ(၇၅၈၆၄၂)ဦး၊ တက်ရောက်ဦးရေ (၇၁၅၅၉၄) ဦးရှိသဖြင့် ကျောင်းတက်ရောက်မှုသည် (၉၄.၃၃)ရာခိုင်နှုန်း တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ ဆက်)