ခမောက်ကြီး ဇွန် ၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စာသင်ကျောင်းများအား ဇွန်လ (၁) ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့အတွင်းရှိ မူ/လယ်/အထက်တန်းအဆင့် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် တပြိုင်နက်တည်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါ စာသင်ကျောင်းများဖွင့်လှစ်ရာတွင် မူလတန်းအရွယ် ကျောင်းသား/သူလေးများအား ကျောင်းသားမိဘများ စာသင်ကျောင်းအသီးသီးသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။ ကျောင်းသား၊သူများက နိုင်ငံတော်သီချင်း၊ မြန်မာ့ကျောင်းသားသီချင်းနှင့် ကျောင်းကောင်စီသီချင်းတို့အား သံပြိုင်ရွတ်ခဲ့ကြပြီး ဆရာ/ဆရာမများမှ အတန်းလိုက်နေရာစီစဉ်ပေးခြင်း၊ ဩဝါဒစကားပြောကြားခြင်း၊ ကျောင်းစည်းကမ်းချက်များပြောကြားပြီး သင်ခန်းစာများ သင်ကြားခဲ့ကြသည်။
ခမောက်ကြီးမြို့တွင် အထကကျောင်း (၁) ကျောင်း၊ အလကကျောင်း (၁) ကျောင်းနှင့် မူလွန်ကျောင်း (၂) ကျောင်းရှိပြီး မူ/လယ်/ထက်အဆင့်ကျောင်းသား၊ ကျောင်းသူများက စိတ်အေးချမ်းစွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)