နတ်မောက်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မြေမျိုးကြီးအလိုက်(သီးထပ်) သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နတ်မောက် ဇွန် ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မြေမျိုးကြီးအလိုက် (သီးထပ်)သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရိအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က ၂၀၂၃-၂၀၂၄ ခုနှစ် နတ်မောက်မြို့နယ် (သီးထပ်)သီးနှံဧက တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်နေသည့်ကာလအတွင်း သက်ဆိုင်ရာတိုက်နယ်အလိုက် မြေအသုံးချမှုအပေါ်သီးနှံများ နှစ်အလိုက်စိုက်ပျိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိက ၂၀၂၃-၂၀၂၄ (သီးထပ်) သီးနှံတိုးချဲ့စိုက်ပျိုးရန် ဧက (၂၈၂၈၇)စိုက်ပျိုးရန် လျာထားကြောင်းနှင့် ကျေးရွာအုပ်စုအလိုက် လယ်ယာမြေများတွင် စိုက်ပျိုးနိုင်ရန် မြို့နယ်ထွေ/အုပ်စာရေး ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ပူးပေါင်း၍ လုပ်ငန်းများဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ၂၀၂၃-၂၀၂၄ ခုနှစ် (သီးထပ်)သီးနှံ မိုးဆောင်းတိုးချဲ့စိုက်ပျိုးနိုင်ရန် စုစုပေါင်းဧက (၂၈၂၈၇)အတွင်းရှိ လယ်မြေ (၄၈၂၀)ဧက၌  ကုလားပဲ နေကြာစိုက်ပျိုးရန်နှင့် ယာမြေဧက(၂၃၄၆၇)အတွင်း ပဲတီစိမ်း၊ ပဲလွန်း၊ ချည်မျှင်ရှည်ဝါ၊ မြေပဲ၊ ဆောင်းနှမ်း၊ နေကြာနှင့် ကျွဲ၊ နွားစာများ စိုက်ပျိုးနိုင်ရန်အတွက် ကျေးရွာအုပ်စုအလိုက် စိုက်ပျိုးမည့်ဧက တိုးချဲ့လျာထားဧရိယာများကို သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း