မိုးညိုမြို့နယ်တွင် စိုက်ပျိုး‌ရေးလုပ်ကိုင်သူတစ်ဦးမှ အာဆီယံသပြေစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိ

မိုးညို ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မိသားစုဝင်ငွေတိုးပွားစေရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအား တစ်ပိုင်တစ်နိုင်ဆောင်ရွက်လျက်ရှိရာ ဘုရားငူအုပ်စု၊ မိုးသစ္စာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ဦးစိုးလွင်၏ခြံဝန်းအတွင်း အာဆီယံသပြေ စိုက်ပျိုး‌ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

အာဆီယံသပြေပျိုးပင်များကို လွန်ခဲ့သော(၂)နှစ်ခန့်က ပျိုးပင်(၅၀၀)ကို မှာယူပြီး မိမိရဲ့၁၅၀ ပေ × ၇၀ ပေရှိတဲ့ခြံမြေမှာ မြောင်းဘောင်များကို ၅ ပေခြားပြုလုပ်ပြီး ပျိုးပင်များကို အတန်းလိုက် တစ်ပင်နှင့်တစ်ပင် ၄ ပေခြားကာ စိုက်ပျိုးထားပါတယ်၊ ရေကိုပိုက်လိုင်းများတတ်ဆင်ထားပြီး အစိုဓာတ်ရရှိအောင်ရာသီအလိုက် လိုအပ်သလိုလောင်းပေးပါတယ်၊ ပေါင်း/မြက် များမရှိအောင် ရှင်းလင်း‌ပေးပါတယ်၊ ယခုအခါမှာတော့အပင်များသန်မာလာပြီး အညွန့်အခက်များ ဝေဝေ ဆာဆာထွက်လာသည့်အတွက် သပြေခက်များ ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းချရာတွင် သပြေခက် ၅ / ၆ ခက်တစ်စီးကို ၄၀၀ ကျပ်ဖြင့် ရောင်းချရပြီး ဝယ်ယူသည့်အပေါ် မူတည်၍ ခူးဆွတ်ရောင်းချရကြောင်း၊ အာဆီယံသပြေသည် တစ်ခါစိုက်ပျိုးထားခြင်းဖြင့် ကြာရှည်စွာ ခူးဆွတ်ရောင်းချနိုင်သည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားမည်ဆိုပါက မိသားစုအပိုဝင်‌ငွေ ရရှိမည်ဖြစ်ကြောင်း သပြေစိုက်ပျိုးသူထံမှသိရသည်။

ကိုမင်း(ပြန်/ဆက်)