ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအား ကြည့်ရှုအားပေး

လွိုင်ကော် ဇွန် ၁

နိုင်ငံတစ်ဝန်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ရာ ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် စတင်ကျောင်းတက်ရောက်၍ ပညာသင်ယူလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများက လွိုင်ကော်မြို့ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရောက်၍ စာသင်ခန်းများတွင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး စာသင်ခန်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိရန်၊ ကျောင်းပရိဝုဏ်အတွင်း သန့်ရှင်းသာယာရေးနှင့်ဥပဓိရုပ် ကောင်းမွန်စေရေးတို့အတွက် နေ့စဉ်ဆောင်ရွက်သွားကြရန်၊ ဘက်စုံပညာရေး ဖွံ့ဖြိုးတိုးတက်စေရန်ပညာရေးဌာနမှ တာဝန်ရှိသူများက ပညာရေးနှင့်ဆက်နွယ် ပတ်သက်သူများအားလုံး စုပေါင်းတာဝန်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာ ကြားခဲ့သည်။

ကယားပြည်နယ်အတွင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှစတင်ကာ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ ဆက်)