ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ကျိုက်လတ် ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်၊ အတွင်းရေးမှူး ရဲမှူးစိန်လွင်အောင်တို့က ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်သောကြောင့် ကျောင်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးကို ဂရုပြုဆောင်ရွက်ရန်၊ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းရေးတို့အတွက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးရန်၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့ရပ်ရွာတွင် ထူးခြားမှုရှိပါက မြို့နယ်သို့ အချိန်မီသတင်းပေးပို့ကြရန်၊ ရပ်ရွာများတွင် လောင်းကစားဝိုင်းများမဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်ပါက အချိန်မီသတင်းပေးပို့ကြရန်၊ နယ်မြေအတွင်း လူစိမ်းများတွေ့ပါက သတိထား နေထိုင်ကြရန်၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိများဖြင့် နေထိုင်ကြပြီး ကျေးရွာဝင်ပေါက် ထွက်ပေါက်များကို မီးကင်းနှင့် လုံခြုံရေးအဖွဲ့များထားရန်၊ ကျေးရွာသူ၊ ကျေးရွာသားများပူးပေါင်း၍ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ် (ပြန်/ဆက်)