တောင်ငူ ဇွန် ၁
နိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ဇွန်လ (၁)ရက်နေ့မှ စတင် ဖွင့်လှစ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ယနေ့နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ကြသည်။
တောင်ငူမြို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း KG အတန်း တက်ရောက်မည့် ကျောင်းလာရောကျအပ်နှံသည့် မိဘတစ်ဦးက “ကျောင်းစဖွင့်တဲ့ရက်မှာ ကျောင်းသားတွေ အများကြီးကျောင်း လာတက်တာတွေ့ရပါတယ်။ ဒီကျောင်းကလည်း တောင်ငူမြို့မှာ နာမည်ကြီးပြီး အသင်အပြကောင်းတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ အခုကျောင်းသားတွေ အများကြီး ကျောင်းလာတက်တာတွေ့ရလို့ ဝမ်းသာပါတယ်။ နိုင်ငံတော်အစိုးရကလည်း ပညာရေးကို အခမဲ့ဆောင်ရွက်ထားပြီး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံများကိုလည်း အခမဲ့ဖြန့်ဝေတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် မိဘများ ကိုယ်စား ဝမ်းသာပါတယ်။ ကျောင်းသားကျောင်းသူများ ပညာရေးကို ဖြောင့်ဖြောင့်ဖြူးဖြူး အေးအေးချမ်းချမ်းသင်ကြားနိုင်ပါစေလို့ ဆုတောင်းပါတယ်”ဟု ပြောသည်။ Grade- 11 အတန်း တက်ရောက်မည့် မဇွန်ပွင့်ဖြူက “ဒီနေ့ကျောင်းစဖွင့်တဲ့အတွက် သမီးအလွန်ပျော်ရွှင်ပါတယ်။ ကျောင်းကလည်း ဗလာစာအုပ်၊ ပြဋ္ဌာန်းစာအုပ်တွေ အခမဲ့ထုတ်ဝေပေးတဲ့အတွက် မိဘတွေ အဆင်ပြေပါတယ်။ သမီးဒီနေ့ သူငယ်ချင်းတွေ၊ ဆရာ၊ဆရာမတွေနဲ့ ပြန်လည်ဆုံတွေ့ရတာ အလွန်ပျော်ရွှင်ပါတယ်။ သမီးရည်မှန်းချက်က ဆရာဝန်တစ်ဦးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ(၃၅၀၈၂)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် ပြန်/ဆက်