အုတ်တွင်း ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ညောင်ခြေထောက်)ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း အစည်းအဝေးခန်းမတွင် ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
အဆိုပါအခမ်းအနားသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေစိုး၊ ခရိုင်ပညာရေးမှူးရုံးလက်ထောက်ပညာရေးမှူး ဦးကြည်ဝင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်မင်းထွေး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အ.ထ.ကညောင်ခြေထောက်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ကြပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးကြည်ဝင်းက စိုက်ပျိုးမွေးမြူရေး သင်ကြားရေး/သင်ယူမှု စနစ်များနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်က ခေတ်မီဖွံ့ဖြိုးတိုးတက်သောစိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ပြန့်ပွားစေပြီး နိုင်ငံတော်၏စီးပွားရေးကိုအထောက် အကူပြုနိုင်စေရန်၊ အဆင့်မြင့်ပညာဆက်လက် မသင်ကြားနိုင်သော ကျောင်းသားကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာအဖြစ် လမ်းသွယ်များ ဖွင့်လှစ်သင်ကြားပေးရန်၊ အစိုးရနှင့်ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုးမွေးမြူရေး ကျွမ်းကျင်လုပ်သားများ (Skilled workers) ပြုစုပျိုးထောင်ပေးရန် စသည့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ တက်ရောက်သင်ကြားမည့် Grade-9 အောင် သတ်မှတ်အရည်အချင်းမီ စိုက်ပျိုးရေးကျောင်းသားကျောင်းသူ ၃၀ နှင့် မွေးမြူရေး ကျောင်းသားကျောင်းသူ ၃၀ တို့အား ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများမှ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)