အရာတော်မြို့နယ်၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မုံရွာ ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ဇွန်လ ၁ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အတန်းစဉ်လိုက် ပျော်ရွှင်စွာ သင်ကြားလျက်ရှိသည်။

အရာတော်မြို့နယ်၌ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို  သက်ဆိုင်ရာကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးခဲ့ရာ အခြေခံပညာ စာသင်ကျောင်း(၁၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း စုစုပေါင်း(၁၇)ကျောင်းတို့၌ ယနေ့ထိ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၁၅) ဦးရှိပြီး ကျောင်းများသို့ တက်ရောက်ပညာသင်ကြားသူ စုစုပေါင်း (၂၀၀၀) ဦးရှိကြောင်းသိရသည်။ ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်းနှင့် ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်၊ ၆ နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံရန် အသိပေးကြေညာထားကြောင်းနှင့် ကျန်ရှိနေသည့် ကျောင်းနေအရွယ် ကလေးများကိုလည်း ဆက်လက် ကျောင်းအပ် လက်ခံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။

 ခရိုင်(ပြန်/ဆက်)