သံတောင်ကြီးမြို့နယ် ဒေဒါခိုကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ထုတ်ချေးပေး

သံတောင်ကြီး       ဇွန်   ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ပထမအကြိမ်မြစိမ်းရောင်ရန်ပုံ‌ငွေ ပြန်လည်ထုတ်ချေးခြင်း ကိုဒေဒါခိုကျေးရွာ ဘုရားကျောင်းခန်းမ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်း ဝင်းကမြစိမ်းရောင်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ဆင်းရဲမှုနှုန်းလျှော့ချစေရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊  မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်၍ စားနပ်ရိက္ခာဖူလုံစေရန် ရရှိလာသည့်အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကာကွယ်တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူမှုအဖွဲ့ အစည်းများပေါ်ပေါက်စေရန် ရည်ရွယ်၍ထုတ်ချေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပထမအကြိမ်ဖြင့် မြစိမ်းရောင်ရန်ပုံငွေကို ဒေဒါခိုကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၀)ဦးအတွက် ငွေကျပ်သိန်း(၃၀၀)အား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းနှင့်ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာ ကော်မတီဝင် များထံထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ