ပွင့်ဖြူ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြား မိုးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁ ရက်(ယနေ့အထိ) စုစုပေါင်း ချေးငွေကျပ် ၁၆၀၅၅၀၀၀၀ အား ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာ၌ ချေးငွေမထုတ်ချေးမီ သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှုနှုန်းထားနှင့် ချေးငွေပေးဆပ်ရမည့်ကာလတွင် အချိန်မီ ပေးဆပ်နိုင်ရေးအတွက် သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို မြို့နယ်ဘဏ်မန်နေဂျာနှင့် တာဝန်ရှိသူများက အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားပြီး မိုးသီးနှံချေးငွေများကို တောင်သူများ လက်ဝယ်အရောက် စနစ်တကျထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ မိုးသီးနှံအဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ မေ ၁၈ ရက်နေ့မှ ယနေ့အထိ ယခင်နှစ်က ချေးငွေ ပြေကြေစွာ ပေးဆပ်ပြီးသည့် ကျေးရွာအုပ်စု(၃)အုပ်စုမှ တောင်သူဦးရေပေါင်း ၂၆၅ ဦးကို မိုးစပါး ၁၀၃၅ ဧကနှင့် နှမ်းသီးနှံ ၅၃ ဧက အတွက် စုစုပေါင်း ချေးငွေကျပ် ၁၆၀၅၅၀၀၀၀ အား တောင်သူများလက်ဝယ်အရောက် အောင်မြင်စွာ ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်က ပြောသည်။
ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု (၅၁)အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများအနက်မှ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာပေးဆပ်သည့် ဒေသခံတောင်သူများကို မေလ ၁၈ ရက်နေ့ကစပြီး မိုးစပါးသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ စိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ကျန်ရှိသည့်ကျေးရွာများမှ ဒေသခံတောင်သူများကိုလည်း ချေးငွေပြေကြေစွာ ပေးဆပ်မှုအပေါ်မူတည်ပြီး ဆက်လက်ထုတ်ချေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )