မင်းဘူး ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မေလ ၃၁ ရက် (ယမန်နေ့) ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုများကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၂)ရွာမှ လူနေအိမ် (၄)လုံးပြိုလဲပြီး နေအိမ်(၄၈)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ချောင်းဖြူ၊ မယှက်၊ ဇီးအိုင်၊ တဲကုန်း၊ အိုင်းမ၊ လက်ပန်တော၊ ကိုင်းမကြီး၊ ခွန်သာ၊ မဲချောင်၊ မုန်တောင်ရွာမ၊ မုန်တောင်ရွာသစ်နှင့် သီးကုန်းကျေးရွာတို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် လူနေအိမ် (၄)လုံးပြိုလဲပြီး နေအိမ် (၄၈)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ဆင်ခေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ မဲဇလီပင်ပြိုလဲမှုကြောင့် ကျောင်းခြံစည်းရိုး အုတ်တံတိုင်း ၅ ပေခန်း ၈ ခန်း (အရှည်ပေ ၄၀)ခန့် ပြိုကျပျက်စီးကာ ဆင်းခေါင်း-ကိုင်းတောလေးလမ်း ချောင်းရေတိုက်စားပြီး လမ်းပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြင်ထံမှ သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုဖြစ်စဉ်တွင် စာသင်ကျောင်း (၂)ကျောင်းနှင့် ဘာသာရေး အဆောက်အဦ (၄)လုံးပါဝင်ကာ လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် လေဘေးသင့်အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများ အမြန်ဆုံးပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)