အောင်လံ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ယမန်နေ့ညနေ ၆ နာရီခွဲအချိန်ခန့်က စမ်းချောင်းရပ်ကွက်၊ တိုးချဲ့(၁)လမ်းတွင် လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ အောင်လံမြို့နယ်မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးစီးသော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၆၈)ဦးသည် မီးသတ်ယာဉ် စုစုပေါင်း(၈)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မီးသတ်ဆေးဘူးနှင့် အပေါ့စားမီးသတ်စက်အသုံးပြုခြင်းမရှိဘဲ ၆ နာရီ ၄၃ မိနစ်အချိန်တွင်မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လာရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအကြောင်းအရင်းမှာ မီတာဘောက်မှ အိမ်တွင်းသို့သွယ်တန်းထားသည့် ဝိုင်ယာကြိုးပြတ် ကြိုးစနှစ်ခု ရိုက်ခတ်၍ မီးပွားထွက်ရာမှ ဘေးအကာသို့ကူးစက်လောင်ကျွမ်းခဲ့ရာ (၂၄x၂၄)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ တိုင်ထောင်(၂)ထပ် လူနေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်ဆက်)