၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပြည် ဇွန် ၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများအားလုံး စတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများဆရာ၊ ဆရာမများနှင့် ကျောင်းပို့လာသည့် မိဘအုပ်ထိန်းသူများဖြင့် စည်ကားလျက်ရှိပြီး အတန်းစဉ်အလိုက် သင်ကြား/သင်ယူမှုများ စတင်ဆောင်ရွက်လျက်ရှိသည်။

ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ပညာသင်ယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ကျောင်းအကျိုးတော် ဆောင်အဖွဲ့များက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းတက်ချိန်နံနက် ၉ နာရီကစတင်၍ KG တန်းမှ Grade-12 အထိ အတန်းအလိုက် သင်ကြားရေးဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာဘာသာရပ်များ အေးချမ်းစွာ သင်ကြားပို့ချပေးလျက်ရှိသည်။

ယင်းသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ သင်ကြား/သင်ယူ ဆောင်ရွက်နေမှုအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး ဦးဆောင်သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး (အနောက်)ပညာရေးမှူးရုံးခွဲ(ပြည်)မှ တိုင်း‌ဒေသကြီးရုံးခွဲ ပညာရေးမှူး ဦးတင်ယုနှင့် ခရိုင်/ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများအဖွဲ့က လှည့်လည်ကြည့်ရှုအားပေးကြသည်။

ပြည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၈၈) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းအပါအဝင် စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း (၂၂၁) ကျောင်းရှိပြီး အဆိုပါကျောင်းများ၌ ယခုပညာသင်နှစ်တွင် ယမန်နှစ်ထက် ကျောင်းအပ်နှံသူတိုးတက်များပြားပြီး ပြည်မြို့နယ်ချုပ် လက်ရှိ ကျောင်းအပ်နှံမှု အခြေအနေမှာ KG တန်းမှ Grade-5 ထိ (မူလတန်းအဆင့်) ၂၂၁၄၆ ဦး၊ Grade-6မှ Grade-9 ထိ (အလယ်တန်းအဆင့်) ၇၂၅၃ ဦးနှင့် Grade-10မှ Grade-12 အထိ (အထက်တန်းအဆင့်) ၃၂၅၉ ဦး၊ စုစုပေါင်း ၃၂၆၅၈ ဦး ကျောင်းအပ်နှံပြီး ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံမှုများကို ဆက်လက် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)