အုတ်တွင်း ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တောပုကျေးရွာအုပ်စု ရေနီကြီးကျေးရွာအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (NEP Phase II)ဖြင့် ဆောင်ရွက်သော လျှပ်စစ် မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထူးကိုကိုက လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် လျှပ်စစ်အန္တရာယ် အသိပညာပေးခြင်းများ ရှင်းလင်းပြောကြားကာ ကျေးရွာနေ ပြည်သူတစ်ဦးမှ လျှပ်စစ်မီးရရှိသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ယု၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထူးကိုကို၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာမီးလင်းရေး ကော်မတီများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။
အဆိုပါကျေးရွာအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ (NEP Phase ll)စနစ်ဖြင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းကို ယခုနှစ်ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် အိမ်ခြေ(၁၃၀)ရှိ ရေနီကြီးကျေးရွာမှ အိမ်ခြေ(၈၂)လုံးအား ကနဦးလျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကျန်ရှိသော အိမ်ခြေများအား လျှပ်စစ်မီး ဆက်လက် ရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှသိရသည်။
အေမင်းရည်စော(ပြန်/ဆက်)