ဖျာပုံမြို့နယ်တွင် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်ရှိရေး လယ်မြေအတွင်း သစ်စိမ်းမြသြဇာ (ပိုက်ဆံ လျှော်)နှင့် စပါးခွံမြေဆွေးများ စုပေါင်းထည့် သွင်းခြင်း ကျင်းပ

ဖျာပုံ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီးကျေးရွာ၊ ကွင်းအမှတ် (၄၉၉ A)၊ ဦးပိုင်အမှတ်(၁/၁) တောင်သူဦးဇော်လှိုင်ထွန်း၏ လယ်မြေ(၂) ဧကပေါ်တွင် မြေဆီလွှာဖွံ့ ဖြိုးတိုးတက်စေပြီး စပါးအထွက်နှုန်း တိုးတက်စေရန်နှင့် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းတိုးထွက်ရှိရေး လယ်မြေအတွင်း သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)နှင့် စပါးခွံမြေဆွေးများ စုပေါင်းထည့်သွင်းခြင်းကို ယမန်နေ့ညနေပိုင်းအချိန်က အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်၊ ဖျာပုံခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ဥမ္မာအေးနှင့် ဝန်ထမ်းများ၊ ကိုးအိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီးကျေးရွာရှိ တောင်သူများမှ နောင်တော်ကြီးကျေးရွာ၊ ကွင်းအမှတ် (၄၉၉A)၊ ဦးပိုင်အမှတ်(၁/၁) တောင်သူဦးဇော်လှိုင်ထွန်း၏ လယ်မြေ (၂) ဧကပေါ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ပင်များနှင့် စပါးခွံမြေဆွေးများ စုပေါင်းထည့်သွင်း ဆောင်ရွက်ကြသည်။

ထို့နောက်ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ဥမ္မာအေးက "လယ်ယာမြေအတွင်း သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးရခြင်းအားဖြင့် အချိန်တိုအတွင်း သစ်စိမ်းမြေသြဇာက ဇီဝမြေသြဇာနှင့်သစ်ဆွေးဓာတ်များရရှိနိုင်ကြောင်း၊ လယ်မြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိုးပြုအနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင်သန်တိုးပွားစေနိုင်ကြောင်း၊ ပိုက်ဆံလျှော်သီးနှံစိုက်ပျိုး ရာတွင်ရာသီဥတု အခြေအနေပေးပါက တစ်ဧကလျှင်သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး၊ ပုလဲဓာတ်မြေသြဇာ(၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့် ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ အချဥ်ဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ ဖျာပုံမြို့နယ်အနေဖြင့် ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ (၁၂၅၄) ဧကရှိ လယ်မြေများအတွင်း ထည့်သွင်းကြဲပက် ဆောင်ရွက်လျက်ရှိကြောင်း" ပြောကြားသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင်(ပြန်/ဆက်)