ဘားအံ ဇွန် ၁
စိုက်ပျိုးရေးသည် ပြည်နယ်၏အဓိကျသော အခန်းကဏ္ဍတွင်ပါဝင်နေပြီး ရေမြေဒေသသဘာဝနှင့်ကိုက်ညီသော လယ်ယာသုံးစက်ကိရိယာများကိုအသုံးပြု၍ တောင်သူများအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုး စွမ်းအားတိုးမြှင့်နိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၂၀) စက်မှုလယ်ယာစခန်းအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက ဌာန၏ဖွဲ့စည်းပုံ၊ စက် ယန္တရားအခြေအနေ၊ ၂၀၂၂-၂၀၂၃ ခုနှစ် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆောင်ရွက်မည့်လုပ်ငန်းလျာထားချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်တွင် မိုးစပါးဧကလေးသိန်းကျော်နှင့် နွေစပါးဧကတစ်သိန်းကျော်ကို ပြည်နယ်အတွင်းစိုက်ပျိုးသွားမည်ဖြစ်ပြီး လယ်ယာ လုပ်သားရှားပါး လာမှုအခြေအနေကိုလျှော့ချနိုင်ရေးနှင့် စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားလာစေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ထပ်မံတိုးမြှင့်လျာထား၍ ရာခိုင်နှုန်းပြည့်မီကျော်လွန်အောင် ဆောင်ရွက်ကြရန် လမ်း ညွှန်မှာကြားသည်။
၏ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့နယ်စက်မှု လယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်းရှိ လယ်ထွန် စက်များ၊ ကူဘိုတာ ခြောက်တန်းသွားကောက်စိုက်စက်များ၊ ရိတ်သိမ်းချွေလှေ့စက်များနှင့် စပ်ဆက်ယန္တရားကိရိယာများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာ နနှင့် ကွန်ပျူ တာတက္ကသိုလ်(ဘားအံ)၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း ၍ ဘားအံခရိုင် Community Centre ၌ ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၃)နှင့် အခြေခံအင်္ဂလိပ်စာသင်တန်း(၂/၂၀၂၃) သင်တန်း ဆင်းပွဲကို မေလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က အဆိုပါစင်တာခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမောင်မောင်က သင်တန်းဆိုင်ရာ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကွန်ပျူတာတတ်မြောက်မှုရေးဖြေနှင့် Kahoot Quiz Game ဖြေဆိုခြင်း၊ အင်္ဂလိပ်စာ(Grammar)ရေးဖြေနှင့် Kahoot Quiz Game ပြိုင်ပွဲတို့တွင် ဆုရရှိသူများ ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးဦးမောင်မောင်က သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊သင်တန်းသူများက Kahoot Quiz Game ဖြင့် ကရင်ပြည်နယ် အကြောင်း သရုပ်ပြဖြေဆိုကြကာ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက အင်္ဂလိပ်သီချင်းဖြင့် သီဆိုဖျော်ဖြေကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်လူမှုရေးဝန်ကြီးတို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ပြသထားသော ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)