ကွမ်းရွက်(၁)ပိသာလျှင်ငွေကျပ်(၂၈၀၀၀)ထိဈေးမြင့်တက်လာ

မြင်းမူ ဇွန်လ ၁ ရက်

ယခုရက်ပိုင်းအတွင်း ကွမ်းရွက်ဈေးမြင့်တက်လျှက်ရှိရာ ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သူများ ဝင်ငွေ ပိုမိုရရှိလျက်ကြောင်း၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပဲကူကျေးရွာမှ ကွမ်းစိုက်တောင်သူထံမှ သိရှိရသည်။

ယခုကဲ့သို့ မိုးရာတွင် ကွမ်းရွက်အထွက်များချိန်ဖြစ်သော်လည်း   ယခုနှစ်တွင်  ကွမ်းစိုက်တောင်သူ(ကွမ်းခြံ)လုပ်ကိုင်သူ နည်းပါးခြင်းကြောင့် ကွမ်းဈေးတက်နေခြင်း ဖြစ်ကြောင်း၊ ကွမ်းပင်ကို စနစ်တကျစိုက်ပျိုးပါက နှစ်ပေါက်ဝင်ငွေ ရရှိနိုင်ကြောင်း၊ ကွမ်းရွက်ပင် (၃၀၀၀)စိုက်ပျိုးပါက ငွေကျပ်သိန်း(၂၀)ကျော် ကုန်ကျမှုရှိကြောင်း၊ (၇)လအကြာတွင် ကွမ်းရွက်များ စတင်ခူးယူရရှိနိုင်ပြီး တစ်ကြိမ်ခူးယူပါက ပိသာ(၅၀)ရရှိကာ (၁၅)ရက် တစ်ကြိမ် ခူးယူနိုင်ကြောင်း၊   ယခုလက်ရှိဈေးအနေဖြင့်   ဗြွန်ကွမ်းရွက်(၁)ပိသာလျှင် (၂၈၀၀၀)ကျပ်ဈေးထိ ရောင်းချနေရ၍ ဝင်ငွေပိုမိုရရှိလျက်ရှိကြောင်း မြင်းမူမြို့နယ် ပဲကူကျေးရွာမှ ကွမ်းစိုက်တောင်သူထံမှသိရှိရသည်။

မြင်းမူမြို့နယ်တွင် ကွမ်းခြံများမှ ထွက်ရှိသောကွမ်းရွက်များကို မန္တလေး၊ မူဆည်၊ တောင်ကြီး  စသည့်မြို့ကြီးများနှင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)