ရေနံချောင်း အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်နှင့် ၈၅ နှစ်အတွင်း အဖိုးအဖွား ၁၄၃၆ ဦးအတွက် ထောက်ပံ့ငွေကျပ် သိန်း ၄၃၀ ကျော်ကို ယမန်နေ့မွန်းလွဲ ၂ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ယင်းထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ကိုဗစ်-၁၉ ကာလတွင် စီးပွားရေးကုစားမှုအစီအစဉ်အရ စားဝတ်နေရေးအထောက်အကူ ဖြစ်စေရန်အတွက် အသက် ၈၀ နှစ်နှင့် ၈၅ နှစ်အတွင်း အဖိုးအဖွား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ ပေးခြင်းဖြစ်ပြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၄၃ ခုမှ အဖိုးအဖွား ၁၄၃၆ ဦး အတွက် စုစုပေါင်းငွေကျပ် ၄၃၀၈၀၀၀၀ ကို ထောက်ပံ့ပေးခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် အဖိုးအဖွားများ လက်ဝယ်အရောက် ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး