ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်းသီးနှံ ၃၃၃၀ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်

ပွင့်ဖြူ ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး မိုးသီးနှံဖူးစားပြောင်းကို တစ်မြို့နယ်လုံး ၃၃၃၀ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ ဖူးစားပြောင်းသီးနှံ ၃၅၆ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်း စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၃၃၃၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံ တောင်သူများက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) အရှိန်ကြောင့် ရွာသွန်းခဲ့သည့်မိုးဖြင့် မေလ တတိယပတ်က စတင်ပြီး ဖူးစားပြောင်းသီးနှံများကို စတင်စိုက်ပျိုးခဲ့ကြောင်းသိရပြီး ယနေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးမှုအနေဖြင့် ၃၅၆ ဧက စိုက်ပျိုးပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။ 

“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ သီးနှံစုံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခံတောင်သူတွေကို တောင်သူအသိပညာပေးလုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက်နေပါတယ်။ အဓိကတော့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့၊ အရည်အသွေးပြည့်ဝတဲ့ သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့နဲ့ အထွက်နှုန်းကောင်းဖို့ အတွက် စိုက်နည်းစနစ်မှန်ကန်စေဖို့အတွက် သိရှိလိုက်နာရမယ့် အခြေခံစိုက်ပျိုးရေးနည်းစနစ်များကို ပညာပေးဆောင်ရွက်နေပါတယ်။  ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီမှာ ဖူးစားပြောင်းစိုက်ဧကအနေနဲ့ တစ်မြို့နယ်လုံး ၃၃၃၀ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး ဒေသတွင်းရှိ တောင်သူတွေက မေလအတွင်းက ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) အရှိန်ကြောင့် ရွာသွန်းခဲ့တဲ့မိုးနဲ့ မိုးသီးနှံ ဖူးစားပြောင်းများ စတင်စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ဖူးစားပြောင်း စိုက်ဧက ၃၅၆ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။   ပွင့်ဖြူမြို့နယ်မှာ ဖူးစားပြောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် ဒေသခံတောင်သူတွေက မိုးသီးနှံအဖြစ် နှစ်စဉ် အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ နောက်ပြီး ဖူးစားပြောင်းသီးနှံက ပြောင်းဖူးရောင်းရတဲ့အပြင် အပင်ကိုလည်း ကျွဲ၊ နွား တိရစ္ဆာန်အစာအဖြစ် ရောင်းချရလို့ နှစ်သီးစား ဝင်ငွေရရှိပါတယ်။ ပွင့်ဖြူမြို့နယ်မှာ တောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ ဖူးစားပြောင်းမျိုးကတော့ ရိုးရိုးသံကြားပြောင်းနှင့် ဒေသအခေါ် ပန်ရွှေသံကြား ပြောင်းမျိုးများကို အများဆုံး စိုက်ပျိုးကြတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ အဆင်ပြေသည့်အပြင် စိုက်ပျိုးမြေနှင့် ရာသီဥတု မျှတကောင်းမွန်မှုကြောင့် ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင် ကြကြောင်းသိရပြီး ထိုသို့ သီးနှံများစိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် တစ်ဧက သီးနှံအထွက်နှုန်း တိုးတကကောင်းမွန်စေရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံအမျိုးအစားအလိုက် သိရှိလိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို တွန်းအားပေး အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )