မုံရွာ ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၄၃၂၀) ဦး ကျောင်းအပ်နှံပြီးကာ ပညာသင်ယူလျက်ရှိပြီး ယခင်ပညာသင်နှစ် ထက် ကျောင်းသားကျောင်းသူ (၃၇၃၄ )ဦး ပိုမိုတိုးလာကြောင်း သိရသည်။
" ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ၊ ယခင်နှစ်က မုံရွာခရိုင်အတွင်း မုံရွာ၊ ဘုတလင်၊ ချောင်းဦး၊ အရာတော်မြို့နယ် မှာ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၄၉၆)ဦး တက်ရောက်နိုင်ခဲ့ပါ တယ်။ ယခုပညာသင်နှစ်မှာ မေလ ၃၁ ရက်နေ့အထိ ခရိုင်အတွင်း ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၄၂၃၀) ဦး ကျောင်းအပ်နှံပြီး တက်ရောက်နိုင်တာဖြစ်လို့ ယခင်နှစ်ထက် ကျောင်းသားကျောင်းသူ (၃၇၃၄) ဦးတိုးလာပါတယ်။ ဒီနှစ်မှာ ကျောင်းသား ကျောင်းသူ တက်ရောက်မှု အနေနဲ့ မြို့နယ်အလိုက်ပြောရရင် မုံရွာမြို့နယ်မှာ (၁၀၈၄၆) ဦး၊ ဘုတလင်မြို့နယ်မှာ (၂၂၂ )ဦး၊ ချောင်းဦးမြို့နယ်မှာ( ၁၀၃၀ ) ဦးနဲ့ အရာတော်မြို့နယ်မှာ (၂၁၃၂) ဦး ဖြစ်ပါတယ်။
အတန်းနဲ့ပြောရရင် အထက်တန်းအဆင့်မှာ (၁၄၄၃) ဦး၊ အလယ်တန်းအဆင့်မှာ (၃၃၁၆)ဦး၊ မူလတန်းအဆင့်မှာ (၉၄၇၁) ဦး ဖြစ်ပါတယ်။ဆက်လက်ပြီးလည်း ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် " ဟု မုံရွာခရိုင်ပညာရေးမှူးက ပြောပြပါတယ်။
မုံရွာခရိုင်အတွင်းမှာ ကိုယ်ပိုင်ကျောင်း( ၇ )ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း( ၈ ) ကျောင်း အပါအဝင် အခြေခံပညာကျောင်းပေါင်း (၉၃)ကျောင်း ဖွင့်လှစ်ထားရှိရာ မုံရွာမြို့နယ်တွင် (၅၈) ကျောင်း၊ ဘုတလင်မြို့နယ်တွင်(၃) ကျောင်း၊ ချောင်းဦးမြို့နယ်တွင်( ၁၆) ကျောင်း၊ အရာတော်မြို့နယ်တွင်( ၁၆) ကျောင်းဖြစ်ပြီး ယနေ့ ဇွန်လ ၁ ရက်နေ့ကစပြီး အဆိုပါကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ မုံရွာမြို့ပေါ်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရေးလေ့ကျင့်ကျောင်း နှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီး များနှင့် ကျောင်းသားမိဘများတွေ့ဆုံပြီး ကျောင်းတက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူလေးများအား အေးချမ်းပျော်ရွှင်လုံခြုံစိတ်ချမ်းမြေ့စွာ ပညာသင်ကြား နိုင်ရေးအတွက် အထူးအလေးထားကာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစောနိုင်၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုး နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။
ခရိုင်(ပြန် /ဆက်)