သရက် အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အဝေးပြေး ကုန်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT Test kits ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်ထုတ်ပေးခြင်းများကို သရက် - ကံမ လမ်းပေါ်ရှိ ကံမဘက်ခြမ်း ထုံးတောင်စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ညနေ (၄)နာရီက စစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးမှုများကို သရက်မြို့မှ အခြားမြို့များသို့သွားရောက်မည့် ယာဉ်မောင်း၊ ယာဉ် နောက်လိုက်နှင့် အခြားမြို့များမှ ဝင်ရောက်လာသူယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ဦးစားပေးစစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးခံယူမည့်သူများအနေဖြင့် သတ်မှတ်ထောက်ခံစာ ပုံစံ တွင်ဖြည့်သွင်းနိုင်ရန် ကိုယ်ရေးအချက်အလက်များယူဆောင်လာရမည်ဖြစ်သည်။ စစ်ဆေးခမှာ ငွေကျပ် (၂၀၀၀၀/-) နှုန်းဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ပြီး (၁၄) ရက်သက်တမ်းရှိသော ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ထောက်ခံစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါ Negative ဖြစ်မှသာ ထုတ်ပေးမည်ဖြစ်ကာ Positive ဖြစ်ခဲ့ပါက ဆေးရုံ (သို့) သတ်မှတ်နေရာ၌ ထားရှိ ဆောင်ရွက်သွား မည်ဖြစ်သည်။ အောက်တိုဘာ(၇)ရက်နေ့တွင် စစ်ဆေးသူပေါင်း(၁၀)ဦး ရှိပြီး ရောဂါပိုးကင်းစင်ကြောင်း ကျန်းမာဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးအောင်ဝင်း ထံမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)