ငဖဲ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် အသက်နှစ်နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက်၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်စိုးမူယာသက်နှင့် ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကလေးငယ်များကို ပေါင်ချိန်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ငဖဲမြို့နယ်အတွင်းရှိ မွေးစမှ အသက်နှစ်နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား ဘီစီဂျီ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို အကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းအရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများနှင့် ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)များနှင့် ကလေးငယ်များအား ဝက်သက်ရောဂါဖြစ်ပွားမှုမှ ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် အပိုဆောင်း ကာကွယ်ဆေးများကိုလည်း ထိုးနှံတိုက်ကျွေးပေးခဲ့သည်။
ငဖဲမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား လစဉ်ပုံမှန် လဆန်း ၁ ရက်နေ့ တိုင်း ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)