ဘိုကလေး ဇွန် ၁
ကျောင်းအပ်နှံရေးသီတင်းပတ်အား မေ(၂၃)ရက်မှစတင်၍ မေ(၃၀)ရက်နေ့အထိ သတ်မှတ် ထားရှိခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများ အနေဖြင့် ပိတ်ရက်မသတ်မှတ်ပဲ နေ့စဉ်ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့ပေါ်မှ ကျောင်းများ၏ ကျောင်းစတင်ဖွင့်လှစ်မှု အခြေအနေ များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
ကြည့်ရှအားပေးရာတွင် တာဝန်ရှိသူများက ကျောင်းအပ်ပြီးစီးမှုအခြေအနေများ၊ ကျောင်းတက်ရောက်မှု အခြေအနေများ၊ စာသင်ကြားနေမှု အခြေအနေများ၊ ကျောင်းတွင်း သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား အဓိကထား၍ ကြည့်ရှုခဲ့ပြီး ကျောင်းသား/သူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များအား ဆရာ/မများအား မှာကြားခြင်း၊ ကျောင်းသား/သူများအား ကျောင်းခေါ်ချိန်ပြည့်မှီရေးနှင့် လွယ်ကူစွာ ပညာသင်ကြားနိုင်ရေး ကျောင်းမှန်မှန်တက်ကြရန် အားပေးစကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ် အနေဖြင့် ယခုစာသင်နှစ်တွင် ရာနှုန်းပြည့်နီးပါး ကျောင်းအပ်နှံကြကြောင်းသိရသည်။
မိုးစက်(ဘိုကလေး)