မကွေး အောက်တိုဘာ ၈
မကွေးမြို့အဝင် မကြီးကန် ကုန်ကား စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီအချိန်အထိ ကုန်တင်ယဉ် အဝင်အထွက် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ကိုဗစ် အမြန် rapid test kit အသုံးပြု စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ(၃)ဦး တွေ့ရှိခဲ့ကြောင်း မကွေးမြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရသည်။
အဆိုပါပိုးတွေ့လူနာများမှာ ကုန်ကားယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များဖြစ်ပြီး မြို့နယ်ကျန်းမာ ဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် မကွေးသင်ကြားရေးဆေးရုံကြီးသို့ KS Rescue Magway (မကွေးလူမှု ကယ်ဆယ်ရေးအသင်း)မှ တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Test Kits ဖြင့် စစ်ဆေးခဲ့သည့် ပိုးတွေ့လူနာ ၃ ဦးအနက် နှစ်ဦးမှာ ရန်ကုန်ပြန်များဖြစ်ပြီး မကွေးမြို့နယ် ကျစ်စုံပွေးကျေးရွာမှ ၁ ဦးနှင့် သရက်လေးပင် ၁ ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ခလရ (....)မကွေးမှ မကြီး ကန်စစ်ဆေးရေးဂိတ်တွင် နေထိုင်ပြီး ရန်ကုန်သို့ပြန်ထွက်မည့် ယာဉ်မောင်း(၁)ဦး ဖြစ်တယ်လို့ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဥမ္မာအေးထံက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း COVID-19 အတည်ပြုလူနာ ယနေ့အချိန်အထိ(၇၅)ဦးရှိပြီး မကွေးတိုင်း ဆေးရုံကြီး၊ သင်ကြားရေးဆေးရုံကြီး(မကွေး)နှင့် မြို့နယ်ဆေးရုံများတွင် ဆေးရုံတက် ရောက် ဆေးဝါး ကုသမှု ခံယူသူ(၃၄)ဦးရှိကာ၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၄၁)ဦး ရှိကြောင်း တိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
သန်းနိုင်ဦး(ငဖဲ)