ကသာမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကသာ ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) အောက်ကလေးငယ်များအား ကျန်းမာသန်စွမ်း၍ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ထိုးနှံပေးခြင်းကို ကသာမြို့တော်ခန်းမနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတို့၌ ယနေ့နံနက် (၇)နာရီအချိန် ပြုလုပ်ခဲ့သည်။

ကသာခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂)နှစ်အထိ ကလေးငယ်များအား ကြက်ညှာ၊ အသည်းရောင်အသားဝါဘီ၊ ဆုံဆို့၊ မေးခိုင်၊ ပြင်းထန် အဆုတ်ရောင်၊ ဦးနှောက် အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပိုလီယို အကြောသေရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကသာမြို့တွင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာစိုးသူအန်းဦးဆောင်ပြီး ကျန်မာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံရာတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ကျော်စွာ(ကသာ)