ပွင့်ဖြူ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက စတင်ပြီး အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်၍ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံထားရှိသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ လာရောက်ပညာသင်ကြားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်အတွက် မေ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မြို့နယ်အတွင်းရှိ (ထက်၊ လယ်၊ မူ) အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးခဲ့ရာ တစ်မြို့နယ်လုံး ကျောင်းအပ်လက်ခံခဲ့သည့် ကျောင်းသားဦးရေ စုစုပေါင်း ၂၆၈၇၁ ဦးရှိခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပို့ချပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ်ပညာရေးမှူး (ယာယီ) ဦးဝင်းဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကွင်းဆင်း ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကျောင်းလုံခြုံရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်သိပြည်သူများ ပူးပေါင်းအဖွဲ့က ကျောင်းဝန်းလုံခြုံရေးကိစ္စရပ်များကို တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပြီး ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်များတွင် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် နယ်မြေယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)