အထက်မင်းလှ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုးက ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သီးနှံစိုက်ဧကနှင့် တိုးချဲ့စိုက်ဧကပြည့်မီရေးအတွက် မြေပြင်စိုက်ဧက စာရင်းကောက်ယူရေးဆောင်ရွက်ရန်၊ အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးရန်၊ မိုးနေကြာသီးနှံလျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ သီးနှံများ စိုက်ပျိုးရာတွင် “မြေမှန်ရမည်၊ မျိုးမှန်ရမည်၊ စိုက်ပျိုးနည်းမှန်ရမည်၊ ရာသီမီရမည်” စသည့် နည်းစနစ်အတိုင်း စိုက်ပျိုးရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍမြှင့်တင်နိုင်ရန် မိုးစပါး၊ ဆီထွက်သီးနှံ၊ နေကြာ၊ ပဲတီစိမ်းနှင့် ဝါသီးနှံစိုက်ပျိုးမှုများအား လျာထားချက် ပြည့်မီကျော်လွန်စေရေး ၂၀၂၃-၂၀၂၄ ခုနှစ်၊ သီးနှံစုံလျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ချထားပေးပြီးဖြစ်၍ ကွင်းဆင်းဆောင်ရွက်ရန်၊ မိုးနေကြာလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မင်းလှမြို့နယ်အတွင်း၌ မိုးနေကြာစိုက်ပျိုးနိုင်ရေးအတွက် ဆင်ရွှေကြာ(၂)မျိုးစေ့ တစ်ဧကလျှင် (၄)ပြည်နှုန်းဖြင့် ရပ်ကွက်ကျေးရွာအုပ်စု (၅၉)အုပ်စုမှ တောင်သူပေါင်း (၁၄၇၅)ဦး၊ စိုက်ပျိုးမည့်ဧက (၈၈၄)ဧကအတွက် စုစုပေါင်း (၂၂၁)တင်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ် သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး တာဝန်ပေးအပ်လွှာတို့ကို ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)