သာပေါင်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မေလ ဒုတိယပတ်အတွင်းက မိုခါမုန်တိုင်း၏ အရှိန်ကြောင့် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် နေအိမ်များ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ထိခိုက် ဆုံးရှုံးခဲ့သည့် လေဘေးသင့် အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေးပို့သော ထောက်ပံ့ပစ္စည်းများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ဆက်လက်ဖြန့်ဝေပေးခဲ့သည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ (၃၂)၊ အိမ်ထောင်စု (၈၄)ရှိ လေဘေးသင့် အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့ထောက်ပံ့သော အိမ်ထောင်တစ်စုလျှင် ဆီ(၅၀)ဆယ်သား၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ကလေးအဝတ်အထည်များကို ထိခိုက်ခံစားရသူများ၏ ကိုယ်စားလှယ်များနှင့် ကာယကံရှင်များ လက်ဝယ်အရောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်၊ အမှုဆောင် ဦးကျော်တိုးနှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးသက်ညီညီမင်းတို့က ဆက်လက်ဖြန့်ဝေပေးခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ် အမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ဖြန့်ဝေပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)