ဟားခါး ဇွန် ၁
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရရှိရေးအတွက် စူးစမ်းလေ့လာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေရရှိရေးလုပ်ငန်းများသည် ခွဲခြားလို့မရဘဲ ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်သည် ဝမ်းစာဖူလုံရေးလိုအပ်မှု အမြင့်မားဆုံးသောပြည်နယ် ဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံနိုင်ရေးအတွက် မူလစိုက်ဧက ပြည့်မီရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးရန်လိုကြောင်း၊ အထွက်နှုန်း တိုးတက်နိုင်ရေးအတွက် သမားရိုးကျစိုက်ပျိုးနည်းမဟုတ်ဘဲ နည်းပညာအခြေခံသည့် စိုက်ပျိုးနည်း များကို အသုံးပြုရန်လိုအပ်ကြောင်း၊ အလားတူ မွေးမြူရေးနှင့် ရေရရှိရေးကိုလည်း သမားရိုးကျနည်း လမ်းမဟုတ်ဘဲ နည်းပညာကို အသုံးပြုရမည်ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းမဆို အစိုးရ တစ်ခုတည်းနှင့် အောင်မြင်မှုအပြည့်အဝ ရရှိနိုင်မည်မဟုတ်ကြောင်း၊ အစိုးရနှင့် ပြည်သူ ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုအပြည့်အဝ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရရှိရေးအတွက် အကြံဥာဏ်သစ်များ လိုရင်းတိုရှင်းနှင့် ထိထိမိမိ တင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အစည်းအဝေး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စက်မှု လယ်ယာဦးစီးဌာန၊ အမှတ် (၃) ကုန်းမြင့်လယ်ယာဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက လည်းကောင်း၊ ချင်းပြည်နယ်ရေးရရှိရေးစူးစမ်းလေ့လာရေး အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများကလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်က အကြံပြု ဖြည့်စွက် ဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)