ပေါင်းတည် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူ ၆၆၁ ဦးအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ပေးပြီး

ပေါင်းတည် ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေများကို သက်သာသော အတိုးနှုန်းထားဖြင့် ထုတ်ချေးပေးလျက်ရှိရာ ယခု ၂၀၂၃ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်များကိုလည်း မေလ ၁၈ ရက်နေ့မှ စတင်ထုတ်ချေးပေးခဲ့ပြီး မေလ ၃၁ ရက်နေ့ အထိ ကျေးရွာအုပ်စု ၇ အုပ်စုမှ တောင်သူ ၆၆၁ ဦးအား ကျပ် ၅၉၆၅.၅ သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးထုတ်ကုန် တိုးတက်မြင့်မားရေးအတွက် တောင်သူများ စိုက်ပျိုးသီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန် တောင်သူ ၁၀၀၀၀ ဦးအတွက် စိုက်ပျိုးစရိတ် ကျပ် ၈၀၀၀၀ သိန်း ထုတ်ချေးပေးရန် တိုးမြှင့်လျာထား သတ်မှတ်ထားကြောင်းလည်း သိရသည်။

ယင်းအတွက် ယခုနှစ်ချေးငွေများကို သတ်မှတ်ကာလတွင် အပြေအကြေ ပြန်လည်ပေးဆပ်နိုင်သူများကို ဦးစားပေးထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် ပတ်သက်၍​ ဘဏ်တာဝန်ရှိသူများက တောင်သူများအား တွေ့ဆုံဆွေးနွေးဆော်သြခဲ့ကြောင်းလည်း သိရသည်။

သူရကြီး(ပြန်/ဆက်)