ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ကျောင်းဆောင်သစ် မုခ်ဦးဖွင့်ပွဲနှင့် လွှဲပြောင်းအပ်နှံပွဲ ကျင်းပ

ဒေးဒရဲ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ဒေးဒရဲ) ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းအပ်နှံပွဲနှင့် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအထက်တန်းကျောင်းတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ ကျောင်းဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ရှိသူများ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ပြီး ကျောင်းဆောင်သစ်နှင့် သင်ထောက်ကူပစ္စည်းများအား  ကြည့်ရှု့စစ်ဆေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြဌာန်းစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားရာ ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးစိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးကိုပါ တွဲဖက်လုပ်ကိုင်နေသည့် တိုင်းဒေသကြီးဖြစ်ပြီး တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံအကျဆုံး စီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်း များတွင် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ ရရှိရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာရပ်များကို တက္ကသိုလ်အဆင့်မတိုင်မီ သင်ကြားပေးမည့်ကျောင်းများ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ရာ Grade-9 အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  မိမိဝါသနာပါသည့် ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပြီး ကျောင်းပြီးပါက အလုပ်အကိုင်အခွင့်အလမ်းများ စွာရှိနေသည့်အတွက် မိမိဝါသနာပါရာ ဘာသာရပ်များကို ကြိုးစားသင်ယူသွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ ကျောင်းဆောက်လုပ်ရေး ကုမ္ပဏီက ပညာရေးဌာနသို့ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့်မှတ်တမ်းများအား ဧရာဝတီ တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးနိုင်ထံသို့  လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်သန်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အေဇာလင်း