သံတောင်ကြီး ဇွန် ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုမေလနောက်ဆုံးပတ်တွင် ပေါ်ဦးပေါ်ဖျား ဂေါ်ရခါးသီးများ ခူးယူရောင်ချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါသံတောင်ကြီးဒေသတွင် စိုက်ပျိုးသောဂေါ်ရခါးသီးပင်များမှာ သဘာဝမြေဩဇာကိုသာ အသုံးပြုခြင်းကြောင့် လူကြိုက်များသည့်သီးနှံဖြစ်ပြီး ကြော်စား၍ သော်လည်ကောင်း၊ ပြုတ်စား၍သော်လည်ကောင်း၊ ဟင်းချိုအဖြစ်ချက်စားရာတွင်လည်ကောင်း စားသုံးကြသည်။ ဂေါ်ရခါးပင်များမှာ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး အသီးသီးပြီး ယခုနွေအကုန်မိုးအကူးတွင် ဂေါ်ရခါးသီးများ စားသုံးရန်သင့်လျော်ပြီး ခူးယူရောင်းချလျက်ရှိသည်။
ဂေါ်ရခါးသီးများကို အိမ်အတွင်းစားသုံးရန်အတွက်သာမက အပိုဝင်ငွေရရှိစေရန် ခူးယူရောင်းချလျက်ရှိပြီး သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူမြို့သို့ တင်ပို့ ရောင်းချကြသည်။ သံတောင်ကြီးဒေသထွက် ပေါ်ဦးပေါ်ဖျားဂေါ်ရခါးသီး တပိဿာလျှင်ကျပ် (၁၀၀၀)မှ (၁၂၀၀) ထိရရှိသည်။ ဂေါ်ရခါးပင်များသည် ရာသီမရွေး အသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့်အပိုဝင်ငွေရရှိကာ အိမ်သုံးစရိတ်ရရှိကြောင်း ဂေါ်ရခါးသီးစိုက်ပျိုးလုပ်ကိုင်သူနော်အယ်ဝါးထံကသိရသည်။
နော်လော်မူ