အရာတော် အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊အရာတော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများဆိုင်ရာ မေးခွန်း နှင့်အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား အသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ၊အသံချဲ့စက်များဖြင့် ရပ်ကွက်ကျေးရွာများအထိ ကွင်းဆင်း လှည့်လည် အသိပညာပေး ကြေညာခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၇ နာရီခွဲမှ စတင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မုံရွာခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးချစ်ကွန်း ၊အရာတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်ဆွေနှင့် အဖွဲ့ဝင် များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့်မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး မြို့မစျေး၊မြို့လယ် ကျောက် တိုင်အနီးနှင့် လူစည်ကားရာနေရာများ၊ သခွပ်ပင်လယ်ကျေးရွာ၊ မင်းရွာ၊ မလဲသာကျေးရွာ၊ ဝါးရောင်း ကျေးရွာအုပ်စု လှည်းချောင်းကူးကျေးရွာ၊ စစ္စည်ကျေးရွာ၊ ဇီးပင်လယ်ကျေးရွာများ အထိကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေခြင်းဖြစ်ကာ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်အတွင်း မိမိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် သင့်အမည် ပါ/မပါ၊ မဲပေး နိုင်ဖို့အတွက် ဖြည့်စွက်ရန် ဆောင်ရွက်ရမည့် အချက်များ၊ မဲပေးရာတွင် သတိပြု ဆောင်ရွက် ရမည့်အချက်များ၊ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေး စသောအချက်များ ပါဝင်ပြီး ပိုစတာနှင့် လက်ကမ်း စာစောင်များကို အရာတော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု( ၄၂ ) အုပ်စုစလုံးသို့ ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇာဇာခိုင်၏ ပြောကြားချက်အရ သိရသည်။
နွယ်နီမြင့်(မြို့နယ် ပြန်/ဆက်)