ဘုတလင် အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာတွင် ဖွင့်လှစ် ထားသော Quarantine Centre ၈ ခုရှိ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ပြန်လာသူ ၇၀ ကျော်အား ယမန်နေ့ မနက်ပိုင်းက နှာခေါင်းနှင့်အာခေါင်တို့ဖတ်များရယူ၍ မန္တလေးမြို့၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
နှာခေါင်းနှင့် အာခေါင်တို့ဖတ် ရယူရာတွင် စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ကိုင်ခဲ့သူ ၃၀ ဦးခန့် အပါအဝင် ၇၇ ဦးကို ဓာတ်ခွဲနမူနာ ရယူခဲ့ကြောင်း၊ နှာခေါင်းနှင့် အာခေါင်တို့ဖတ် ရယူရာတွင် Stay at Home သတ်မှတ် ထားသည့် မြို့နယ်များမှ ပြန်လာသူများ၊ သတ်မှတ်ချက်နှင့် ကိုက်ညီ သူများကို ဦးစားပေးအစီအစဉ်ဖြင့် ရယူလျက်ရှိကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင်က ပြောသည်။
နှာခေါင်းနှင့် အာခေါင်တို့ဖတ် ရယူသူများအနက်မှ ပိုးတွေ့လူနာများ တွေ့ရှိခဲ့ပါက ထားရှိနိုင်ရန် ဘုတလင်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် သီးသန့်အဆောင်အဖြစ် ထားရှိသည့် အစည်းအဝေး ခန်းမအပြင် အမျိုးသား၊ အမျိုးသမီး သီးသန့်ခွဲထားနိုင်ရန် အခြားအဆောင်တစ်ခုကိုလည်း ပြင်ဆင် ဆောင်ရွက်ထား ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)