မင်းလှ မေ ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းအုပ်စု၊ တူးမြောင်းကျေးရွာရှိ စားဖိုဆောင်သီးနှံစိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တစ်သီးစိုက်မြေဧရိယာများပေါ်တွင် စားဖိုဆောင်သီးနှံစိုက်ပျိုးထားမှုအခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တစ်သီးစိုက်ကိုင်းမြေဧရိယာများပေါ်တွင် နှစ်သီးတိုးချဲ့စိုက်ပျိုးရန်လျာထားချက်များကို ရှင်းလင်းဖြေကြားခဲ့သည်။ ထို့နောက်ဝန်ကြီးချုပ်က သီးနှံစိုက် ပျိုးထားမှုများကို ကြည့်ရှု၍ သီးနှံစိုက်တောင်သူများကို အားပေးစကားပြောကြားကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
မင်းလှမြို့နယ်တွင် ရေနက်ကွင်းဧရိယာများဖြစ်သည့် ရွှေလောင်းအုပ်စု၊ ဒီလှိုင်းအုပ်စု၊ ထန်းပင်ကုန်းအုပ်စု၊ အင်းဘုတ်ကုန်းအုပ်စုတို့တွင် ဆောင်းရာသီပဲမျိုးစုံသီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးနိုင်သည့်ဧရိယာများအနက်မှ မိုးသီးနှံအဖြစ် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးနိုင်ရန်အတွက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ တစ်သီးစိုက်ဧရိယာကိုင်းမြေ (၁၆၉၆၀) ဧရိယာပေါ်တွင် စားဖိုဆောင်သီးနှံ (၈၆၀) ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။
ပေါက်စ(ပြန်/ ဆက်)