ပွင့်ဖြူ မေ ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်၍ တက်ရောက်ခဲ့သည့် သင်တန်းသားများအနေဖြင့် သင်တန်းမှစာတွေ့လက်တွေ့ လေ့လာသင်ယူခဲ့ရသော စက်ချုပ်နည်းပညာရပ်များကို လက်တွေ့အသုံးချကာ စနစ်တကျလုပ်ကိုင်သွားကြစေလိုကြောင်း၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသောစက်ချုပ်ပညာရပ် စိတ်ဝင်စားသူများကိုလည်း လက်ဆင့်ကမ်းသင်ကြားပေးစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ရှိသူများက သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ သင်တန်းသားများချုပ်လုပ်ထားသည့် အဝတ်အထည်များကို အားပေးကြည့်ရှုခဲ့ကြသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ စက်ချုပ်ပညာရပ် စိတ်ဝင်စားသည့် အမျိုးသား၊ အမျိုးသမီးသင်တန်းသားဦးရေ ၃၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် ကလေး၊ လူကြီး ကျား/မအဝတ်အထည်အမျိုးမျိုးချုပ်လုပ်နည်း သင်ခန်းစာများကို မေ ၂ ရက်နေ့မှ ၃၁ ရက်(ယနေ့အထိ)အချိန်(၁)လကြာ စာတွေ့လက်တွေ့စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)