ကျွန်းစုမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကျွန်းစု မေ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အ-ထ-က ကျွန်းစုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံး (ကိုယ်စား)၊ မြိတ်ခရိုင်ပညာရေးမှူးရုံး၊ စီမံကိန်းနှင့်ကြီးကြပ်အကဲဖြတ်ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုက ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက မြို့နယ်အဆင့် ကျောင်းအပ်နှံမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ များအား ထောက်ပံ့ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး အ-ထ-က ကျွန်းစုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာ့ပန်းခင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)