ပွင့်ဖြူ မေ ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး မိုးစပါးသီးနှံဧက ၆၉၆၄၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
"ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နဲ့ တောင်သူဦးကြီးများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီး မဲဇလီရေလွှဲ ဆည်ရေ၊ မြေအောက်ရေ၊ အခြား ဆည်ငယ်/ကန်ငယ်ရေဖြင့် တစ်မြို့နယ်လုံး မိုးစပါးသီးနှံ ၆၉၆၄၅ ဧက စိုက်ပျိုးသွားဖို့ လျာထားရှိပါတယ်။ ခု လက်ရှိမှာတော့ ဒေသတွင်းရှိ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူတွေကို တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး စိုက်နည်းစနစ်များ မှန်ကန်ဖို့၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးကြဖို့၊ သွင်းအားစုပစ္စည်း အချိုးကျမှန်ကန်စွာ စနစ်တကျသုံးစွဲတတ်ဖို့၊ သဘာဝမြေဩဇာ ကိုယ်တိုင်ပြုလုပ်သုံးစွဲတတ်စေဖို့ စတဲ့ အခြေခံစိုက်ပျိုးရေးနည်းစနစ်များကို အသိပညာပေးဆောင်ရွက်လျက်ရှိသည်။ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် နှစ်စဉ်နှစ်တိုင်း စပါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ တောင်သူတွေ အဓိက စိုက်ကြတဲ့ စပါးမျိုးတွေက တော့ မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း၊ ဧရာပဒေသာ၊ ပခန်းရွှေဝါ၊ ပေါ်ဆန်းရင်၊ ချမ်းမြေ့မေ၊ ရတနာတိုး စတဲ့ စပါးမျိုးတွေကို စိုက်ပျိုးကြပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်အပါဝင် ကျေးရွာအုပ်စု ၅၆ အုပ်စု၊ ကျေးရွာပေါင်း ၂၀၅ ရွာ ရှိကာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ( နွေ ၊ မိုး ၊ ဆောင်း ) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခု ၂၀၂၃-၂၀၂၄ မိုးသီးနှံစိုက်ပျိုးရာသီတွင်လည်း စပါးသီးနှံ အပါအဝင်၊ ဖူးစားပြောင်း၊ နှံစားပြောင်း၊ ပဲမျိုးစုံသီးနှံ၊ ဆီထွက်သီးနှံစုံ၊ စားဖိုဆောင်သီးနှံစုံနှင့် အခြား ပရဆေးစိုက်ပျိုးရေးနှင့် စားပင်သီးနှံစုံ စုစုပေါင်း မိုးသီးနှံစိုက်ဧက ၁၀၉၅၀၄ လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )