မြိတ်မြို့တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မြိတ် မေ  ၃၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်ဖြင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးကို ကျောင်းအပ်နှံရေးသီတင်းပတ်တွင် ကျောင်းအသီးသီး၌ ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်လုံး ကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က(၁) ပညာ့ဗိမာန်ခန်းမတွင် ကျင်းပခဲ့သည်။

ကျောင်းနေအရွယ် ကလေးငယ်တိုင်း အခြေခံပညာသင်ယူခွင့် ရရှိရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများ ရရှိပြီး ကျောင်းတက်နှုန်း၊ ကျောင်းနေနှုန်း မြင့်မားလာစေရန်နှင့် အခမဲ့ ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် ကျောင်းအပ်နှံရေး သီတင်းပတ်တွင်  မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း(၁၄၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၀)ကျောင်းတို့တွင် မေလ(၂၃)ရက်မှ (၂၉)ရက်အထိ ကျောင်းသား/သူ (၄၇၈၁၄)ဦးကို မိဘအုပ်ထိန်းသူများက ကျောင်းအသီးသီး၌ လာရောက်ကျောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန် ထံမှ သိရသည်။

မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အ.ထ.က(၁)ကျောင်းသား/သူများက “ မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးက အဖွင့်အမှာ စကားပြောကြားသည်။ ထိုနောက် ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက ကျောင်းအပ်နှံရေးနေ့ ဆိုင်ရာများကို ရှင်းလင်းပြောကြား၍ မြို့နယ် ပညာရေးမှူး ဦးကျော်ရှိန်က ကျောင်းအပ်နှံရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက အခြေခံ ပညာဦးစီးဌာနမှ ကျောင်းသား /သူများအတွက် ထောက်ပံ့သည့် ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ပုံနှိပ်နှင့် ကျောင်းဝတ်စုံများကို အသီးသီးပေးအပ်ခဲ့ကြပြီး အ.ထ.က(၃) ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြသည်။ 

မြိတ်မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ မေလ (၂၃)ရက် မှ (၃၁)ရက်အထိ ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီး ဌာနမှ KG မှ Grade-5 မူလတန်းအဆင့် ကျောင်းသား/သူများကို ကျောင်းဝတ်စုံ(၁)စုံ၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ Grade-6 မှ Grade-12  အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/သူများကို ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များကို အခမဲ့ပေးအပ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )