သာယာဝတီ မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ လိပ်အင်းကျေးရွာ တောင်သူ ဦးမြင့်သိန်း၏ လယ် ၂၀ ဧကတွင် ရက် ၉၀ စပါးမျိုးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီကပြုလုပ်ခဲ့သည်။
သာယာဝတီမြို့တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသည် လယ်တစ်ဧကအတွက် မျိုးစပါး တစ်တင်းခန့်သာကုန်ကျ၍ ကုန်ကျမှုသက်သာခြင်း တစ်ဧကလျှင် နာရီဝက်ခန့်သာ စိုက်ပျိုးချိန်ကြာခြင်း၊ ပေါင်းမြက်ရှင်လင်းရန် လွယ်ကူခြင်း၊ လေဝင်လေထွက်ကောင်းမွန်၍ ပင်ပွားနှုန်းကောင်းပြီး စပါးထွက်နှုန်းပိုများခြင်း၊ လုပ်သားအင်အားလျော့ချနိုင်ကြောင်းစသော အကျိုးကျေးဇူးများရရှိနိုင်ကြောင်း၊ စပါးကျဲခင်းများတွင် မျိုးနှစ်တင်းကျော်ကုန်ကျပြီး ပေါင်းမြက်ရှင်းလင်းရန်ခက်ခဲခြင်း၊ လေဝင်လေထွက်မကောင်းခြင်း၊ ပင်ပွားနှုန်းနဲခြင်းတို့ကြောင့် ပေါင်းသတ်ဆေးများစွာ အသုံးပြုရသောကြောင့်လယ်မြေပျက်စီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လယ်ယာမြေပြုပြင်ခြင်းမှ ရိတ်သိမ်းခြွေလှေ့ချိန်အထိ လိုအပ်သောအကူအညီများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနသို့ ဆက်သွယ် အကူအညီတောင်ခံနိုင်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ ဆက်)