ရှမ်းရွာသစ်မြို့ ဝါးမီးကလားကျေးရွာတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများဆောင်ရွက်

ရှမ်းရွာသစ်၊ အောက်တိုဘာ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများနှင့်ကလေးငယ်များ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စုရှိ ဝါးမီးကလားကျေးရွာတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်နှစ်နှစ်အောက် ကလေးငယ် များအား  အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်း အသက်(၅)နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အစာအုပ်စုသိကောင်းစရာများအကြောင်း  ဆွေးနွေးခြင်း၊ မကူးစက်တတ်သော ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်သောကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။                                                       

 ဇင်လေး(ပြန်/ဆက်)