မင်းဘူး မေ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စလင်းမြို့နယ် ထွေ/အုပ်ရုံးတွင် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ မင်းဘူးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး တင့်ကျော်၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စုကွင်းနှင့် ကံသာကြီးကျေးရွာအုပ်စုကွင်းတို့၌ မိုခါမုန်တိုင်းကြောင့် နွေနှမ်းသီးနှံ စိုက်ခင်းများအတွင်း ရေကြီးနစ်မြုပ်မှုပြီး ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများနှင့် လယ်လှကုန်းကျေးရွာ အုပ်စုကွင်းတွင် နွေစပါးအထူး အထွက်တိုးစံပြကွက် စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားခန်းမ၌ စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ရပ်/ကျေးစာရေး ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ ခဲ့သည်။
တွေ့ဆုံပွဲတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက စလင်းမြို့နယ်အတွင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဒေသတွင်း စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးနေမှုနှင့် ချေးငွေကြွေးကျန်တောင်သူများ ပြန်လည်ပေးစပ်ရေးတို့ကို ရှင်းလင်းပြောကြားပြီးနောက် အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်တို့က စလင်းမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးပြောကြားကာ တက်ရောက်လာကြသူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြမှုများအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)