မယ်စဲ့မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကျင်းပ

မယ်စဲ့ မေ ၃၁

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အ.ထ.က(မယ်စဲ့)မှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မင်းမင်းသန်းက ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေးအတွက် မိဘများမှ ပံ့ပိုးကူညီစေလိုကြောင်းနှင့် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်အပ်လက်ခံခြင်းလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်အစိုးရမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို ခရိုင်ပညာရေးမှူး ဦးကျော်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံခဲ့ပြီး အခမ်းအနားကို ဇာတိမာန်သီချင်းဖြင့် သီဆို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ ဆက်)