နတ်မောက် မေ ၃၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အဓိကအရင်းအမြစ်အနက် အခြေခံပညာမှမွေးထုတ်ရသော မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည်အရေးပါလှကြောင်း ကျောင်းနေအရွယ် ကလေးငယ်အားလုံး “ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ရက်နေ့မှ မေလ ၃၁ရက်နေ့အထိ သတ်မှတ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောင်းအပ်နှံရာတွင် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးကိုယ်စား ဒု-မြို့နယ်ပညာရေးမှူးဦးသိန်းဇော်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် လုပ်ဆောင်ထားသောလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်းနှင့် အခမဲ့ပညာရေးစနစ်ဖြင့် သင်ရိုးသစ်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးနှင့်အလှမ်းမဝေးစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်/ ကျေးရွာခွဲခြားမှုမရှိစေဘဲ နေရာအနှံအပြားတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသော စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများအားအခြေခံပညာကျောင်း များကိုယ်စား အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆရာကြီးမှ ကျေးဇူးတင်စကားများပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒု-မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့်မိဘများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
လှဝင်း